တက္ကသိုလ်ဘုန်းနိုင်ရဲ့ မိုးည အိမ်မက်မြူ အပိုင်း ( တစ် )
ဘဝဟောင်းမှ အစ်မ မီးရထား၏ မှန်ကာပြတင်းပေါက်မှ မျှော်ကြည့်လျှင် စိမ်းလန်းသော လယ်ကွင်းတို့ထက် ကျသက်စပြုပြီဖြစ်သော မိုးသီးမိုးပေါက်တို့ကို မြင်ရသည် ။ သီတင်းကျွတ်လ အစတွင်ဖြစ်၍ စပါးပင်တို့သည် ခါးလယ်မျှအမြင်ဆောင်ကြကုန်ပေပြီ ။ လေဝယ် လှိုင်းထ၍ ငြိမ့်အိနေသော ဤစပါးမြပင်လယ် တစ်ကြောကို လွန်၍ မျက်လုံးကို ဆန်းကြည့်သော် အရှေ့ဆီ၌မိုးမြူသင်တိုင်း ဆင်သိုင်းစ မှိုင်းပျပျ ပဲခူးရိုးမအား မြင်ရသည် ။ မီးရထား၏အရှိန်မှာ လျှော့သွားသည်နှင့် မရှေးမနှောင်းပင်ကြီးမား သော သံတံတားကို ဖြတ်ကျော်စဉ် ကြားရတက်သည့် ပဲတင်ရိုက်သံပေါ်လာ၏ ။ တံတားကြီး၏အောက်၌ ဒေါသတကြီးနှင့် တဟဲဟဲ စီးဆင်းနေသော ချောင်းရေညိုညို တွေ့ရ၏ ။ ” အဲ့ဒါ ဖိုးသားအောင် ကုန်တံတားပဲ တူမကြီး ၊ သာယာဝတီခရိုင်နဲ့ ပြည်ခရိုင်နယ်စပ်လေ ၊ နောက်ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်ဆိုရင် ပေါင်းတည်ကို ရောက်တော့မယ်… ။...