ထိုင်းနိုင်ငံမှာ စစ်တပ်ကျောထောက်နောက်ခံပေးတဲ့ ပါတီ အစိုးရဖွဲ့နိုင်

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီကို ထိန်းသိမ်းမယ်ဆိုပြီး ကတိပြုထားတဲ့ ရွေးကောက်ပွဲနောက်ပိုင်း စစ်တပ်က အားပေးထောက်ခံတဲ့ ပါတီ အစိုးရဖွဲ့ မယ်လို့ မျှော်လင့်ရပါတယ်။

ရွေးကောက်ပွဲပြီးလို့ တလခွဲအကြာမှာ ရွေးကောက်ပွဲကော်မရှင်က အချိုးကျရွေးကောက်ပုံစနစ်အရ ရွေးချယ်တဲ့ အမတ်နေရာ ၁၅၀ အတွက် ရွေးချယ်ခံရသူ အမည်စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

အခုရလဒ်ကြောင့် စစ်တပ်က ကျောထောက်နောက်ခံပေးနေတဲ့ ပလန်ပရာချာရတ်ပါတီဟာ နောက်တက်မယ့် ဝန်ကြီးချုပ်ကို ရွေးချယ်နိုင်ဖို့ အခွင့်သာသွားပြီဖြစ်ပါတယ်။

ဒါပေမယ့် အောက်လွှတ်တော်မှာတော့ သူတို့ တပါတီတည်း အစိုးရ ဖွဲ့နိုင်လောက်အောင် အများစု အသာမရတဲ့အတွက် ပါတီငယ်လေး အတော်များများရဲ့ ထောက်ခံမှုရအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

မဲရေတွက်တာတွေမှာ အချိန် ကြန့်ကြာမှုရှိတယ်၊ မသမာမှုတွေရှိတယ် ဆိုတဲ့ မကျေမနပ်ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပြောင်းလဲခဲ့တာအပါအ၀င် နိုင်ငံရေးမှာ စစ်တပ်က ဆက်ပြီး သြဇာလွှမ်းမိုးမှုရှိအောင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အဆင့်ဆင့် ဆောင်ရွက်ခဲ့တယ် ဆိုပြီး စစ်တပ်ကို ဝေဖန် ခဲ့ကြပါတယ်။

ဖွဲ့စည်းပုံပြင်လိုက်တာကြောင့် အထက် လွှတ်တော် မှာ အမတ် ၂၅၀ ကို စစ်တပ် ကိုယ်စားလှယ်တွေက အလို အလျောက် နေရာ ရရှိမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အဓိကအားဖြင့် စစ်တပ်ကို ထောက်ခံသူတွေနဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသူတွေကြား သဘောထားကွဲလွဲ ထိုးနှက်မှုတွေကြောင့် နှစ်နဲ့ချီပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။
အခုရွေးကောက်ပွဲရလာဒ်က ဘာအဓိပ္ပါယ်ဆောင်သလဲ

မတ်လ ၂၄ ရက်နေ့ကရွေးကောက်ပွဲ မဲရလာဒ်တွေအရ အောက်လွှတ်တော် အမတ်နေရာ ၅၀၀ မှာ ဘယ်ပါတီကမှ အများစု အသာမရဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ ဆက်နွှယ်မှုရှိတဲ့ အတိုက်အခံ ပျူထိုင်းပါတီက အောက်လွှတ်တော်မှာ အမတ်နေရာ ၁၃၆ နေရာနိုင်ပြီး စစ်တပ်လိုလားတဲ့ ပလန် ပရာချတ်ရတ်ပါတီက ၁၁၅နေရာ အနိုင်ရတယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့် အထက်လွှတ်တော်မှာ စစ်တပ်က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် ၂၅၀ က စစ်တပ်လိုလားတဲ့ ပလန် ပရာချတ်ရတ်ပါတီကို ထောက်ခံမယ့်ပုံ ရှိပါတယ်။

ဒီတော့ ပလန် ပရာချတ်ရတ်ပါတီက လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ် ကျန်အိုချာဟာ ဝန်ကြီးချုပ် ဆက်ဖြစ်လာမယ့် သဘောရှိပါတယ်။

ဒီတော့ လာမယ့် သီတင်းငယ် အနည်းငယ်အတွင်းမှာ နောက်တက်မယ့် ဝန်ကြီးချုပ်ကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ၂ ရပ်ပေါင်းကနေ မဲပေး ရွေးချယ်ကြလိမ့်မယ်လို့ ယူဆရပါတယ်။

ထိုင်းပါလီမန်မှာ အောက်လွှတ်တော် အမတ်နေရာ ၅၀၀ နဲ့ အထက်လွှတ်တော်အမတ် နေရာ ၂၅၀ ( ရွေးကောက်ခံမဟုတ်၊စစ်တပ်ကရွေးချယ်သူ) လွှတ်တော် ၂ ရပ် စုစုပေါင်း အမတ်နေရာ ၇၅၀ ရှိပါတယ်။

ဝန်ကြီးချုပ်ဖြစ်လာဖို့ လွှတ်တော် ၂ ရပ်ပေါင်းက ထောက်ခံမဲ ၃၇၆ မဲရဖို့လိုပါတယ်။

အောက်လွှတ်တော် အမတ်နေရာ ၅၀၀ မှာ ၃၅၀ ကို မဲအများဆုံးရသူနိုင်တဲ့ စနစ်နဲ့ ရွေးတာဖြစ်ပြီး ကျန် ၁၅၀ ကို ရှုပ်ထွေးပြီးအငြင်းပွားစရာဖြစ်တဲ့ အချိုးကျစနစ်နဲ့ ရွေးချယ်တာဖြစ်ပါတယ်။

အခုစောစောပိုင်းကတော့ အတိုက်အခံတွေက သူတို့ရဲ့မဟာမိတ်တွေနဲ့ အများစုအသာရလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် အခု အချိုးကျရွေးတဲ့ စနစ်အရ ပါတီငယ်လေးတချို့ အနိုင်ရခဲ့တာကြောင့် သူတို့ရဲ့ မျှော်လင့်ချက် ပျက်ပြားခဲ့ရပါတယ်။

အခုတော့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာရွတ် ကျန်အိုချန်ဟာ ပါတီငယ်လေး ၂၀ လောက်နဲ့ ပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ဖို့ကြိုးစားလိမ့်မယ်လို့ လူတိုင်းက ယူဆနေကြပါတယ်။

ဒါပေမယ့်လည်း အခုရွေး ကောက်ပွဲစနစ်တခုလုံးဟာ မမျှမတနဲ့ သူအသာစီးရအောင် လုပ်ထားတာလို့ ယုံကြည်ကြတဲ့ လူတွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်တာကိုခံရကောင်း ခံရနိုင်သလို ဖွဲ့စည်းမယ့် ညွန့်ပေါင်းအစိုးရ ကြာကြာခံမှာ မဟုတ်ဘူးဆိုတဲ့ ပြောဆိုမှုတွေလည်းရှိနေတယ်လို့ ဘီဘီစိ သတင်းထောက် ဂျိုနသန်ဟက်က သုံးသပ်ပါတယ်။

BBC Burmese

Media Links Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.